ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများတိုးပွားစေရေး ယမန်နေ့မွန်းလွဲ (၂)နာရီက  စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းဖြင့် အသိအမြင်ဗဟုသုတများ ပိုမိုတိုးပွားကြွယ်ဝလာပြီး စာဖတ်ရှိန်များလည်း မြင့်မားလာကြောင်း၊ စာပေဖတ်ရှုသူများသည် အသိဉာဏ်ပညာကြွယ်ဝသည့်အတွက် တိုးတက်အောင်မြင်သူများဖြစ်ရန် သေချာကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင်စာအုပ်များ အခမဲ့လာရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး စာရေးဆရာမ သီတဂူ(ကျောက်ဆည်)က စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်တွင်ပါရှိသော ဇာတ်ကောင်များ၏အကြောင်းများကို ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)