လှည်းကူးမြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

လှည်းကူး ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက (ဆင်းသုခမျိုး) မိုးစပါး မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို အုန်းနှဲကုန်းကျေးရွာ ကွင်းအမှတ် (၁၀၃၃-က)၊ ဦးပိုင်အမှတ်(၃၉/က) တောင်သူ ဦးနေမျိုးမောင်၏ လယ်မြေ (၅.၀၀)ဧကပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးစပါး မျိုးစေ့ချကိ ရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ(seeder)စနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့်နည်းစနစ်များကို တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ ဦးနေမျိုးမောင်၏ လယ်မြေ (၅.၀၀)ဧကပေါ်တွင် (ဆင်းသုခမျိုး) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြစိုက်ပျိုးပြသပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။

လှည်းကူးမြို့နယ်အတွင်း မိုးစပါး လျာထားစိုက်ဧက (၈၁၅၆၉)ရှိပြီး မျိုးစေ့ချကိရိယာ(Seeder)စနစ်ဖြင့် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)