မိုင်းကိုင် ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဆင်ခြေဖုန်းရှေ့ ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာ သွားလမ်းအနီး ကွင်းပြင်၌ကျင်းပ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများ ကသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီး ပေးအပ်ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်စည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ဖုန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်လုပ်သား ပြည်သူ များ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြပြီး ကျွန်းပင်(၁၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ ရေသင်းဝင် (၁၅၀)ပင်၊ ထင်းရှူး(၁၅၀)ပင် စုစုပေါင်းပျိုးပင် (၆၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ရေသင်းဝင် (၁၄၀၀၀)ပင်၊ ကျွန်း (၂၀၀၀)ပင်၊ မယ်ဇလီ (၂၀၀၀)ပင်၊ ထင်းရှူး(၂၀၀၀)ပင်၊ စုစုပေါင်း ပျိုးပင် (၂၀၀၀၀)ပင်ကို မိုင်းကိုင်မြို့မ ပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိပြီး ပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)