ဆီဆိုင်မြို့တွင် ဝန်ထမ်းအိမ်ရာရာနှုန်းပြည့် ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဝန်ထမ်းများအား ပြန်လည်နေရာချထားပေး

ဆီဆိုင် ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပျက်စီးမှုကြောင်း ပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးထပ်တိုက်ဝန်ထမ်းအိမ်ရာ အဆောက်အဦနှစ်လုံး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်နေရာချထားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါနေရာ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ ဒေသဦးစီးမှူး ဒေါ်သီတာသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။ ထို့နောက် တာဝန်ရှိသူများက  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆီဆိုင်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ဝန်ထမ်းအိမ်ရာရှိ တိုက်ခန်းများအလိုက် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဝန်ထမ်းအိမ်ရာစိမ်းလန်းစိုပြည်စေရန်အတွက် အရိပ်ရသစ်ပင်များအား အမှတ်တရစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေမင်း(ဆီဆိုင်)