မိုင်းပန် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြပြီး မွေတော် ပရိယတ္တိ စာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ ကောဝိဒါစာရဘိပါလ (ဂန္တဝါစကပဏ္ဍိတ၊ မဟာသဒ္ဒမ္မဇောတိကဓဇ) အရှင်သူမြတ်မှ စိန်ရောင် ခြည်ဘုရားပင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပင့်လျှောက်ပြီး ဥပ္ပါတသန္တိကျမ်းမြတ်နာကြားရန် နတ်၊ ဗြဟ္မာများအား နတ်ပင့်ဂါထာတော်ဖြင့် ပင့်ဖိတ်တော်မူခဲ့ သည်။
ထို့နောက် ဧည့်ပရိသတ်အပေါင်းတို့မှ မွေတော်ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော်ထံ (၅)ပါးသီလ ခံယူတည်ဆောက်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇျယ်တော်မူတော် ပရိတ်တရာတော်များနာယူခဲ့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။
ဆက်လက်၍ ဥပ္ပါတသန္တကျမ်းမြတ်ကို အလှည့်ကျ ဘာဏကဆရာတော်မှ စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အဆိုပါ ဥပ္ပါတသန္တကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်မှ စတင်၍ (၂၀.၆.၂၀၂၄) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)