ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးအေးကျော်ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၈၈) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံရေးစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသည့် စဉ်ဆက်မပြတ်အမြဲနေထိုင်သူများအား (၅)ဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး အမှတ်(၈၈)ရပ်ကွက်တွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်၆(က)-၁၃၄ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ကို အိမ်ထောင်စု (၉၇) စုအား ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီမှူး ဦးအေးကျော်ထံမှ သိရသည်။

ဖြိုးစန္ဒာကျော်(ပြန်ဆက်)