နေပြည်တော် ဇွန် ၁၆
နေပြည်တော်၊ ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဆရာတော်ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများအား ကျန်းမာရွှင်လန်းစွာဖြင့် စုံစုံညီညီ ဖူးမြော်ကြည်ညိုရပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ကြည်နူး ကုသိုလ်ထူးတရားများ တိုးပွားဖြစ်ပေါ်ရပါကြောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ၂၀၀၆ ခုနှစ်တွင် စတင်တည်ထားခဲ့ရာ ၂၀၀၉ ခုနှစ်၊ မတ်လ(၉)ရက်၊ တပေါင်းလပြည့်နေ့တွင် ရွှေထီးတော်တင်လှူခြင်း အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အောက်ခြေမှ ကြာနုအထိ ရွှေစင်ရွှေပြားသင်္ကန်းတော်များကို ကပ်လှူပူဇော်ခဲ့ပြီး ကြာနုမှပန်းတည်ခုံအထိ လုံးတော်ပြည့် ရွှေဆေးသင်္ကန်းတော်များ ကပ်လှူပူဇော်ခဲ့ကြပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် စေတီတော်မြတ်ကြီး တတိယဖောင်းရစ်ဧရိယာနှင့် ဒုတိယဖောင်းရစ် ၃ ပေအထိ (၂၂၈၀ ဒသမ ၀၃)စတုရန်းပေအား ရွှေစင် ၁ ပေပတ်လည်ရှိ ၁ ကျပ်သား အချပ်ရေ ၂၅၅၄ ချပ်ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စေတီတော်မြတ်ကြီး၏ကျန်သော ဒုတိယဖောင်းရစ်ဧရိယာ (၂၂၀၀ ဒသမ ၉၆) စတုရန်းပေအား ရွှေစင် ၁ ပေ ပတ်လည်ရှိ ၁ ကျပ်သား အချပ်ရေ ၂၂၃၂ ချပ်ဖြင့်လည်းကောင်း ကပ်လှူပူဇော်ခဲ့ပြီး စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်မှစ၍ ပန်းတည်ခုံအထိ ရွှေဆေးသင်္ကန်းတော်များ ပြန်လည်ကပ်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ဆက်လက်၍ စေတီတော်မြတ်ကြီး၏ ကျန်သော ပထမဖောင်းရစ်ဧရိယာ (၃၄၈၅ ဒသမ ၇၈) စတုရန်းပေအား ၁ ပေပတ်လည်ရှိ ၁ ကျပ်သား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်း၊ စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အောက်ခြေမှစ၍ ပန်းတည်ခုံအထိ ရွှေဆေးသင်္ကန်းတော်များပြန်လည်ကပ်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်လိုပါသဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စေတီတော်မြတ်ကြီး၏ တတိယဖောင်းရစ်နှင့် ဒုတိယဖောင်းရစ် အချို့သောနေရာတို့တွင် ရွှေစင်ရွှေပြားသင်္ကန်းတော်များကပ်လှူချိန်၌ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်ကြံ့ခိုင်မှုစသည်ကို ပညာရှင်များ၏ အကူအညီဖြင့် စစ်ဆေးခဲ့ရာ ရွှေထီးတော်ဒေါက်စနစ်၊ ထီးတော်တိုင်၊ ထီးတော်တိုင်ထိန်းဆိုင်းကြိုး၊ ငှက်ပျောဖူးတော်၊ စိန်ဖူးတော်တို့မှာ မူလအတိုင်းပင် တည်ရှိနေပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် စေတီတော်မြတ်ကြီး ပထမဖောင်းရစ်ဧရိယာ (၃၄၈၅ ဒသမ ၇၈)စတုရန်းပေအား ရွှေစင်ရွှေပြားများကပ်လှူပူဇော်သည့် အချိန်ကာလတွင် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်ကြံ့ခိုင်မှုကိုပါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ကြီးကြပ်မှု၊ လိုက်နာဆောင်ရွက်ရမည့် သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် လောကထုံးတမ်းစဉ်လာများကို အထူးဂရုပြု၍ ပညာရှင်များ၏အကူအညီတို့ကိုရယူကာ တစ်ဆက်တည်း စစ်ဆေးပြုပြင်မွမ်းမံသွားလိုပါသဖြင့် ခွင့်ပြုတော်မူပါရန်နှင့် လိုအပ်သောဩဝါဒကထာများ ချီးမြှင့်မြွက်ကြားပေးတော်မူပါရန် စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ဂေါပကအဖွဲ့ဝင်များကိုယ်တိုင် သွားရောက်လျှောက်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများက စေတီတော်မြတ်ကြီး၏ ရွှေထီးတော်ကြံ့ခိုင်မှုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ကြီးကြပ်မှုဖြင့် ကျွမ်းကျင်ပညာရှင်တို့၏ အကူအညီကိုရယူကာ သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာ၊ လောကထုံးတမ်းစဉ်လာများနှင့်အညီ အထူးဂရုပြု၍ စစ်ဆေးပြုပြင်မွမ်းမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဩဝါဒတော်များ ချီးမြှင့်မြွက်ကြားတော်မူခဲ့ကြပါကြောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်ဧရိယာ (၃၄၈၅ ဒသမ ၇၈)စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ရေးအတွက် ပထမအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လယ် ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ စနေနေ့၊ နေ့လယ် ၁ နာရီအချိန်တွင် ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး နှစ်ပရိစ္ဆေဒ ကာလများမြောင် ငါးထောင်ပတ်လုံး တည်တံ့ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းနှင့် ဘုရားဒါယကာ၊ ဒါယိကာမများဖြစ်ကြသော အလှူရှင်များအနေဖြင့်လည်း ယခုကဲ့သို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရဟန်းရှင်၊ လူ၊ ပြည်သူအပေါင်း ကြည်ညိုသဒ္ဓါပွားများနိုင်အောင် ရွှေစင်ရွှေပြားနှင့် အလှူတော်ငွေများ လှူဒါန်းကြခြင်းသည် တစ်ဆယ့်တစ်မီး အပူမီးတို့ ငြိမ်းအေးရာမှန် မြတ်နိဗ္ဗာန်ကို ရည်စူးတောင့်တလှူဒါန်းကြရသည့်အတွက် “စေတီအတူ၊ စိတ်မူတည်ကြည်၊ ရောက်မည်နတ်ရွာ၊ သစ္စာသိလွယ်၊ မြတ်နွယ်အမျိုး၊ ရိုကျိုးခံရ၊ ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူပညာ၊ ဉာဏ်မှာ ထက်ရွှင်၊ လျှင်မြန် ဆန်းကြယ်၊ ကောင်းကြွယ်စကား၊ ဆိုရိုးငြားသည်၊ ဘုရားပူဇာ၊ များသတ္တာအား၊ ရကြောင်းအကျိုး (၁၇)မျိုးတည်း”ဟု ဆိုသည့်အတိုင်း ဘုရားဒါယကာ၊ ဒါယိကာမအားလုံးတို့သည် ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေကြောင်း လျှောက်ထားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနများနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်၊ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဆရာတော်ဘဒ္ဒန္တ ပဏ္ဍိတထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းပါသည်။
ယနေ့အထိ အလှူတော်ငွေလက်ခံရရှိမှုအနေဖြင့် အလှူရှင် ၇၂ ဦးမှ ရွှေစင်ရွှေပြား ၁၉၀ ချပ် အတွက် အလှူတော်ငွေကျပ် ၅၀၁၃၈၆၀၀၀/-(ငွေကျပ် ငါးထောင်တစ်ဆယ်သုံးသိန်းရှစ်သောင်း ခြောက်ထောင်တိတိ) ရွှေဆေးသင်္ကန်းတော်အတွက် ငွေကျပ် ၁၁၆၃၆၃၈၅၀/-(ငွေကျပ် တစ်ထောင် တစ်ရာခြောက်ဆယ်သုံးသိန်းခြောက်သောင်းသုံးထောင်ရှစ်ရာငါးဆယ် တိတိ) စုစုပေါင်းငွေကျပ် ၆၁၇၇၄၉၈၅၀/- (ငွေကျပ် သိန်းခြောက်ထောင်တစ်ရာခုနစ်ဆယ်ခုနစ်လေးသောင်းကိုးထောင်ရှစ်ရာ ငါးဆယ်တိတိနှင့် အမေရိကန်ဒေါ်လာ ၁၀၀) ရရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)