ကျောက်ဆည် ဇွန် ၁၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယမန်နေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်အုပ်စု၊ အောက်ချိုင်းရပ်ကွက်အတွင်းရှိ မြို့နယ်ပြည့်သူ့အားကစားကွင်းသို့ရောက်ရှိပြီး အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လှည့်လည်ကြည့်ရှုခဲ့ရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးနှင့် မြို့နယ်အားကစားမှူး ဦးဝေမင်းတို့ လက်ရှိဆောင်ရွက်ထားသည့် အားကစားကွင်းများအား လိုက်ပါရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးက ပြုပြင်ရန်လိုအပ်လျက်ရှိသော ဘောလုံးကွင်းပတ် ရေနုတ်မြောင်းအား ပြန်လည်ပြုပြင်သွားနိုင်ရေး လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းတစ်ဦးချင်းစီ၏ လိုအပ်မှုများရှိပါက တင်ပြကြရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဌာနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)