ဆီဆိုင် ဇွန် ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ အောင်စံပြည့်ညီသမိုင်းဝင် မွေတော်ဘုရား၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှုးကြီးကျော်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။
ထို့နောက် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အောင်စံပြည့်ညီသမိုင်းဝင်မွေတော်ဘုရား ဘက်စုံမွမ်းမံပြုပြင်နိုင်ရန်အတွက် အလှူငွေကျပ် (၇၇)သိန်းကျော်ကို ပေးအပ်ရာ ဘုရားဂေါပကအဖွဲ့က လက်ခံရယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
နေမင်း(ဆီဆိုင်)