ဗိုလ်တထောင် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ယမန်နေ့နံနက်က ကျောင်းသန့်ရှင်းသာယာလှပစေရေး၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် အမှတ်(၁၀)ရပ်ကွက်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းကြား၊ (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) အ.ထ.က(၆) စာသင်ကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီး၏ ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါစာသင်ကျောင်းအတွင်း ကျောင်းအလံတိုင်ရှေ့ရှိ ပေါင်းမြက်များရှင်းလင်းပေးခြင်း၊ ကျောင်းအားကစားကွင်းအတွင်းရှိ ချုံနွယ်များပေါင်းမြက်များ ရှင်းလင်းပေးခြင်း၊ ကျောင်းဝန်းအတွင်းရှိ အုတ်ရေမြောင်းများအတွင်းသို့ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အရိပ်ရအပင်များ၏ အောက်ခြေအခက်အလက်များ ရှင်းလင်း၍ အလင်းဖွင့်ပေးခြင်း၊ တွယ်ကပ်သစ်ပင်များရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အုတ်ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ရာ ထိုစုပေါင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၆)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရေစီးရေလာဝန်ထမ်းများ၊ လမ်းတံတားဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ မြို့နယ်ပန်းဥယျာဥ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော မြောင်းချေးများ၊ အမှိုက်များနှင့် သစ်ကိုင်းအခက်အလက်များအား ရေစီးရေလာမှ Forland (၁)စီးဖြင့် သတ်မှတ်နေရာသို့ စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း