ကျောက်ဆည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) ၌ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဝါ Grade ခွဲဝယ်ယူ ရောင်းဝယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လွန်ကျော်ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ်မှ ဝါသီးနှံပန်းတိုင်အထွက်နှုန်း (၁)ဧက (၇၀၀)ပိဿာရရှိရေး၊ သတ်မှတ်အပင်အရေအတွက် ပြည့်မီရေး၊ သွင်းအားစုများ သတ်မှတ်နှုန်း ထားအတိုင်းသုံးစွဲရေးနှင့် ဝါအရည်အသွေးကောင်းမွန်စေရန် Potassium (K) မြေဩဇာအား ရွက်ဖျန်းအဖြစ် ပန်းပွင့်သည့် ကာလတစ်လျှောက် အသုံးပြုရေး၊ ဝါကောက်သိမ်းရာ၌ စနစ်တကျ ခြောက်သွေ့သန့်စင်အောင်ပြုလုပ်၍ သိုလှောင်ရောင်းချသွားရန်နှင့် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် Public sector နှင့် Private sector ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဝါလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ဝါစိုက်ဧကများ ကျဆင်း မသွားစေရေး သက်ဆိုင်ရာဌာနအနေဖြင့် သွင်းအားစုများ ပံ့ပိုးကူးညီပေးရန်၊ ဝါဝယ်ယူသည့် ကုန်သည်များမှလည်း ဝါမျိုးကောင်းရရှိရေးအတွက် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ပူးပေါင်း၍ ဝါမျိုးသစ် (၁၃)မျိုး စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဝါကြိတ်လုပ်ငန်းရှင် ဦးအောင်သန်းက ပြည်တွင်း၌ဝါဂွမ်းရောင်းချရာတွင် Exporter များမှတစ်ဆင့် ရောင်းချရသည့် အတွက် ဝါ၊ ဂွမ်းဈေးနှုန်း တည်ငြိမ်မှုမရှိကြောင်းနှင့် ဝါသီးနှံသည်အကြိမ်ကြိမ် ကောက်သိမ်းရသည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် လက်ရင်းလက်ဖျားခွဲ၍ ရောင်းချရန် မလွယ်ကူကြောင်း၊ ဝယ်ယူသူဘက်မှ သင့်တင့်သောကာလပေါက်ဈေး သတ်မှတ်၍ စာချုပ်ပုံစံဖြင့် ဝယ်ယူမှသာ ဈေးကွက်တည်ငြိမ်ပြီး အကျိုးအမြတ်ခံစားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်မှ ဝါကြိတ်ခုံများအသစ် တပ်ဆင်ရာ၌ လိုင်စင်ပြုလုပ်၍ ဆီကြိတ်ဝါစေ့များအား Export ပြုလုပ်လိုပါက လုပ်ငန်းရှင် များစု၍ လျှောက်လွှာတင်သွင်းနိုင်ပြီး GACC နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ကြောင်းနှင့် ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးချစ်ဆွေဦးက မိမိတို့ဌာနအနေဖြင့် Hybrid Zone များသတ်မှတ်၍ မျိုးဝါစေ့များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အကျိုးတူမျိုးစေ့ ထုတ်တောင်သူ များအား ယူရီးယားဓါတ်မြေဩဇာများအား ဌာနသတ်မှတ် ဈေးနှုန်းအတိုင်း ပံ့ပိုးပေးလျက်ရှိ ကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး High Population စနစ်ဖြင့် စိုက်ပျိုးသွားရန် ဆွေးနွေး ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာသူများမှ လွန်ကျော်ခြံ၌ ပင်ကြားတန်ကြားကွာဟ၍ နှိုင်းယှဉ်စိုက်ပျိုးထားသည့် ရွှေတောင်(၈) မိုးနှောင်းချည်မျှင်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများ၏ အပင်ဖြစ်ထွန်းမှု၊ အသီးတင်မှုနှင့် ပိုးမွှားရောဂါကျရောက်နိုင်မှု ကွာခြားချက်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်