ကျိုက်ထို ဇွန် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ (၂)နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော အသက် (၆၆)နှစ်ပြည့် ပညာရေးဝန်ထမ်းများအား ဒဿမအကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး သက်ကြီး ဆရာကြီး၊ ဆရာမကြီး (၃၉၂)ဦးအား ဂါရဝတရားရှေ့ထားကာ ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုတို့ဦးဆောင်၍ ပညာရေးဝန်ထမ်းများက တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)ကျပ်ဖြင့် ဂါရဝပြုကန်တော့ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး သက်ကြီးပညာရေးဝန်ထမ်းများ စိတ်ရွှင်လန်းပျော်ရွှင်စေရန် ကံစမ်းမဲအဖြစ် ပထမဆု (၁၅၀၀၀၀)ကျပ်၊ ဒုတိယဆု (၁၂၀၀၀၀)ကျပ်၊ တတိယဆု (၉၀၀၀၀)ကျပ်ကို မဲနှိုက်စေခဲ့ရာ ပထမဆုအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးတင်အုန်း(ငြိမ်း)မှလည်းကောင်း၊ အေးရိပ်ငြိမ်မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမှီ(ငြိမ်း)မှ ဒုတိယဆုကိုလည်းကောင်း၊ တတိယဆုကို တကေးချောင်းဖျားကျောင်းမှ မူလတန်းကျောင်းအုပ် ဦးထိန်ရီ(ငြိမ်း)မှလည်းကောင်း၊ အသီးသီးရရှိခဲ့ကြသည်။
ယင်းနောက် အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီး ဦးစံမြင့်နှင့် ဆရာမကြီး ဒေါ်ခင်မြင့်ဝေတို့က ဆုတောင်းမေတ္တာပို့သပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)