နမ့်ခမ်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြည်သူများမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို မူဆယ်ခရိုင်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၏ လမ်းညွှန်ချက်အရ မူဆယ်ခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူလူထုများအား ကိုရိုနာဗိုင်းရပ်ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် မူဆယ်ခရိုင် ပူးပေါင်းရေးအဖွဲ့နှင့် နမ့်ခမ်းမြို့နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီနှင့် လူမှုကူညီရေး အသင်းတို့မှ ပူပေါင်းပြီး နမ့်ခမ်းမြို့နယ်ရှိ ကားဂိတ်များတွင် ခရီးသွားလာပြည်သူများ၊ မြို့မဈေးသို့ ဈေးလာရောက် ရောင်းဝယ် ပြည်သူများနှင့် နမ့်ခမ်း-တရုတ်နယ်စပ် ရွှေလီမြစ်ကူး၊ ကတိုးဆိပ်ကမ်းများဖြစ်သည့် မန့်ဟောင်း ကတိုးဆိပ်ကမ်းနှင့် နောင်တိန်းကတိုးဆိပ်ကမ်းများတွင် ဖြတ်သန်းသွားလာ ပြည်သူများအား ကိုရိုနာဗိုင်းရပ်ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးကြောခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲများ ဟောပြော ဆောင်ရွက်လျက်ရှိသည်။
ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများကို မူဆယ်ခရိုင် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ညှိနှိုင်းမှုဌာန (ကလ)၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီနှင့် နမ့်ခမ်းမြို့ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၊ ပြည်သူ့ကျန်းမားရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)