မုံးထ ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မုံးထမြို့၊ မုံးထော်ကျေးရွာ အောင်မင်္ဂလာကျောင်း၌ (ပဉ္စမ)အကြိမ်မြောက် နေ့/ည အသံမစဲ အဘိဓမ္မာ (၅) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွက်ဆိုဖွင့်လှစ်ခဲ့ကြပြီး၊ ဆရာတော် ဦးဝါယမထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူကြသည်။
ထို့နောက် မုံးထော်-မုံးထ ရှေ့တန်းအမှတ်(၃)စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်နောင်နှင့် အရာရှိ၊ အရာခံ၊ စစ်သည်များနှင့် ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဦးရေဝတက လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားဟောကြားပြီးနောက် စက်သွန်းချအမျှပေးဝေခဲ့ကြပြီး ရွှေမိုးငွေမိုးများရွာသွန်းကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
သန်းထွန်းအောင်(ပြန်/ဆက်)