တောင်ကြီး ဇွန် ၁၆
ဒေသစိမ်းလန်းစိုပြည်သာယာစေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကာကွယ်ခြင်းကို အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ ကျေးဇူးတရားများ သိရှိလာနိုင်စေရန်နှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ သဘာဝသစ်တောများ၏ အရည်သွေးမြင့်တက်လာပြီး အဆင့်အတန်းမြင့်မားလာစေရန် တောင်ကြီးမြို့၊ မြေအောက်ရေဖြည့်ဆည်းထိန်းသိမ်းနိုင်ရေး အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် တောင်ကြီးမြို့တွင် ယမန်နေ့နံနက် (၈)နာရီခွဲက တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း၊ လွိုင်ခမ်းအိမ်ရာစီမံကိန်းနှင့်မျက်နှာချင်းဆိုင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၄ ခုနှစ် မိုးအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန် ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်အတွင်းသစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီမှာ သစ်မျိုး (၅၇)မျိုး၊ ပျိုးပင်ပေါင်း (၂၅)သိန်းခန့် ပျိုးထောင်ထားရှိပြီး အင်းလေးကန် ရေဝေရေလဲဒေသထိန်းသိမ်းရေး၊ ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး အစရှိသည့် စီမံကိန်းနှင့် စီမံချက်များအရ စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊ အာဆီယံလမ်းမကြီးဝဲယာစိုက်ခင်း စသည့် စိုက်ခင်းများအနေဖြင့် သစ်တောသစ်ပင် (၁၁)သိန်းခန့်ကို သစ်တောဦးစီးဌာနက တာဝန်ယူစိုက်ပျိုးလျက်ရှိပြီး ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုသို့ သစ်တောသစ်ပင် (၁၄)သိန်းကျော် ဖြန့်ဝေစိုက်ပျိုးလျက်ရှိပါကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် (၄၃)ပွဲ လျာထားဆောင်ရွက်ရာတွင် သစ်ပင်စိုက်ပျိုးပွဲပေါင်း (၁၄)ပွဲ၊ သစ်တောသစ်ပင် (၉၇၅၀)ပင် စိုက်ပျိုးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လအတွင်း မြို့နယ်အသီးသီးတွင် လျာထားချက်အတိုင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ကြီးမြို့ စိမ်းလန်းစိုပြည်ရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သော လွိုင်ခမ်းအိမ်ယာစီမံကိန်း၊ စိန်နှင်းဆီကုမ္ပဏီအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ဦးစိုင်းရွက်မှ လက်ခံရယူပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဌာနဆိုင်ရာနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား စိုက်ပျိုးရန် သစ်ပင်များအား ပေးအပ်၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်သယံဇာရေးရာဝန်ကြီးတို့က အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပြည်သူများအား စိုက်ပျိုးရန် သစ်ပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးမည့်နေရာတွင် နေရာယူ၍ သစ်ပင်စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုတို့မှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ ၂၀၂၂ ခုနှစ်တွင် စိန်ပန်းပြာ၊ ချယ်ရီ၊ ထင်းရှူး (၆၂၃)ပင်၊ ၂၀၂၃ ခုနှစ်တွင် စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ချယ်ရီ၊ ထင်းရှူး (၉၂၀)ပင်နှင့် ၂၀၂၄ခုနှစ်တွင် ထင်းရှူး (၂၁၀)ပင်၊ ချယ်ရီ (၁၄၅)ပင်၊ စိန်ပန်းပြာ (၂၈၀)ပင်၊ စိန်ပန်းနီ (၁၅၅)ပင်၊ အာဖရီကန်ကျူးလစ် (၇၀)ပင်၊ စွယ်တော် (၁၃၅)ပင်၊ မာတာကွက် (၁၀၅)ပင် စုစုပေါင်း (၁၁၀၀)ပင် စိုက်ပျိုးပေးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရေရှိရေး အထောက်အကူပြုလုပ်ငန်းတစ်ခုဖြစ်သော သစ်တောဦးစီးဌာနမှ ထီသိမ်ကန်ရေထွက်ထိန်းသိမ်းနိုင်ရန် ၂၀၂၂ ခုနှစ် မိုးရာသီကွက်လပ်ဖြည့် ထင်းရှူးပင် (၉၀၀၀)၊ မျောက်ငိုပင် (၅၀၀) ခါတော်မီ (၅၀၀)ပင် စုစုပေါင်း (၁၀၀၀၀)ပင် စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုရာ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းပြီး တောင်ကြီးမြို့ ရေပေးရေးဆိုင်ရာအချက်အလက်များနှင့် ထီသိမ်ရေလှောင်ကန်မှ တောင်ကြီးမြို့ပေါ် ရပ်ကွက် (၂၂)ရပ်ကွက်ရှိသည့်အနက် ရပ်ကွက် (၂၀) ရေဖြန့်ဝေပေးနေမှုအခြေအနေများကို ပြည်နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးဖြိုးပြည့်ဟိန်းမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် သစ်တောဦးစီးဌာနမှ တောင်ကြီးမြို့ ရေရရှိရေးအထောက်အကူပြု ထီသိမ်ကန်ရေထွက်ထိန်းသိမ်းနိုင်ရန် ၂၀၂၃ ခုနှစ် မိုးရာသီကွက်လပ်ဖြည့်စိုက်ပျိုးထားသော ထင်းရှူးပင် (၁၀၀၀၀)ပင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)