မြစ်သား ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် အားကစားကွင်းသို့ ခေတ်မီဘောလုံးကစားကွင်း ဖြစ်ပေါ်လာစေရေး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်းလင်း ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားကွင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်းလင်းက ခေတ်မီဘောလုံးကစားကွင်း ဖြစ်ပေါ်လာစေရေး၊ ကွင်းပတ်ရေနှုတ်မြောင်းများအား ပြုပြင်နိုင်ရန် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေတင်ပြတောင်းခံပြီး ပြုပြင်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း အုတ်တံတိုင်းများအား ပြုပြင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ အချင်းချင်း စည်လုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ဘောလုံးကွင်းသန့်ရှင်းသာယာလှပြီး သပ်ရပ်မှုရှိစေရေးအတွက် ယခုထက် ပိုမိုကောင်းမွန်အောင် ဝန်ထမ်းအားလုံးပူပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)