ရပ်စောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးတို့က မောင်ထည်ဝါ(ပျော်ဘွယ်) ရေးသားထားသော “မူးယစ်ဟူက ချေမှုန်းကြ”ကဗျာနှင့် မင်းသန်းနိုင် (မုဒုံ) ရေးသားထားသော “ဝိုင်းဝန်းကာကွယ် မူးယစ်အန္တရာယ်”ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)