နေပြည်တော် ဇွန် ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပျံချီ) ကျောင်းဝင်း အတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွင်းအပြင် အမြဲသန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးသင်တန်းသင်ကြားရန်အတွက် အထွက်နှုန်းကောင်းမွန်သည့် စပါးနှင့် ဆီထွက်သီးနှံများကို စံပြစိုက်ကွက်များ စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းနှင့် စံအထွက်နှုန်းရရှိရေးတို့ကို လက်တွေ့ကျကျ သင်ကြားစေလိုကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ထက်မြတ်အောင် အလေးထားသင်ကြားစေလိုကြောင်း၊ ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်း အတွင်း၊ အပြင် ရေစီးရေလာကောင်းမွန်းစေရေးကို အထူးအလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား မိမိရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများကို စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်စေရေး၊ မိမိတို့၏ ရပ်ကွက်/ကျေးရွာများကို စံပြဖြစ်သည့် ရပ်ကွက်/ ကျေးရွာများဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများဖွံဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြို့ရှောင်လမ်းဘေးဝဲယာရှိ စပါးနှင့် ဆီထွက်သီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ခရမ်းကိုင်းကွင်း၊ အဆင့်မြင့်လယ်ယာမြေဧက (၂၀၀) ရှင်းလင်းဆောင်၌ ကျင်းပသည့် လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရာက်ခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးလာစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စပါးနှင့် အခြာသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းကို အသုံးမပြုဘဲ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ဆည်ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကိုလည်းကောင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများနှင့်အတူ EM သဘာဝမြေဩဇာပြုလုပ်မှုနှင့် သုံးစွဲခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၀ တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်နှင့် တွဲဖက်သုံး (၁၀)တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြသစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး မြို့နယ်အတွင်းရှိ တောင်သူများအားလုံး ယခုကဲ့သို့ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရွှေပြည်တော်ဝင်လမ်းဘေး၌ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အထိမ်းအမှတ်အဖြစ် ဆီသပြေပင်ကို စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာများတွင် သစ်ပင်ပျိုးပင် ၂၅၀ ပင်ကို အသီးသီးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)