မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါရီက စပါးမျိုးစေ့ချ ကိရိယာအသုံးပြု၍ စပါးစိုက်ပျိုးနည်းနှင့်ပတ်သက်၍လည်းကောင်း၊ စပါးမျိုးစေ့ချကိရိယာ အသုံးပြုခြင်းကြောင့် တောင်သူများ အချိန်ကုန်၊ ငွေကုန်၊ လူပန်း သက်သာခြင်းနှင့်ပတ်သက်၍ ပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဇင်က မျိုးစေ့ချကိရိယာများအား ဖြန့်ဖြူးရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ကျေးရွာအုပ်စုများရှိ စပါးစိုက် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက စပါးမျိုးစေ့ချ ကိရိယာများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
အဆိုပါစပါးမျိုးစေ့ချကိရိယာမှာ (၈)တန်းသွားဖြစ်ပြီး တစ်ဧကလျှင် (၁၂)ပြည်မှ (၁၄)ပြည်ထိ စပါးမျိုးစေ့များကို ကြဲချနိုင်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်