အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်လုပ်ကိုင်သူများအား အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် ဇွန် ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်လုပ်ကိုင်သူများအား အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း  ပြည်နယ်/ခရိုင်အဆင့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ အရ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ်ပါဝင်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများကြီးကြပ်ရေးအာဏာပိုင်အဖြစ် တာဝန်ပေးထားသည်နှင့်အညီ ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၊ ခရိုင်အဆင့်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်မှတ်ပုံတင်ရေးအဖွဲ့တို့ကိုလည်း အသီးသီးဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်လျှောက်ထားမှု (၁၀၀)ဦးအနက် (၅၂)ဦးအား အသိအမှတ်ပြုမှတ်ပုံလက်မှတ်များ ထုတ်ပေးထားရှိပြီး ကျန်ရှိသည့် (၄၈)ဦးအား ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားရှိပါကြောင်းနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် လျှောက်ထားမှု (၃၄၀)ဦးအနက် (၂၉၅)ဦးအား အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားရှိပြီး ကျန်ရှိသည့် (၄၅)ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြထားရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲဆောင်ရွက်ခြင်း၊ အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group)သို့ တိုးတက်မှုအစီရင်ခံစာ (Post Obervation Period Report -POPR)ပေးပို့ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆုံးရှုံးနိုင်ချေအန္တရာယ် ဆန်းစစ်မှုများ ပြုလုပ်နိုင်ရန်အတွက် သတင်းပို့အဖွဲ့အစည်းထံမှ သတင်းအချက်အလက်များ တောင်းခံစိစစ်သည့် ရုံးထိုင်စစ်ဆေးခြင်း (Off – Site)နှင့် အဆိုပါ စစ်ဆေးချက်များအရ Rating သတ်မှတ်၍ ဦးစားပေးစိစစ်ရန် လိုအပ်သည့် သတင်းပို့အဖွဲ့အစည်းစာရင်းကိုပြုစုပြီး ကွင်းဆင်းစစ်ဆေးခြင်း(On–Site)များ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယခုသင်တန်းတွင်ဆွေးနွေးမည့် သင်ခန်းစာများနှင့် ဆုံးရှုံးနိုင်ချေ အကဲဖြတ်ချက် (Risk Assessment) နည်းလမ်းများကို သေချာမှတ်သားပြီး မိမိမြို့နယ်များတွင် အကျိုးရှိရှိပြန်လည်အသုံးချသွားကြစေလိုကြောင်း၊ သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် အားလျော်စွာ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက် (STR)နှင့် သတ်မှတ်ငွေကြေးပမာဏထက် ကျော်လွန်သည့် သတင်းပေးပို့ချက်(TTR)တို့ကို သတ်မှတ်နည်းလမ်းများအတိုင်း သတင်းပေးပို့စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အ​​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(နေပြည်တော်) လက်ထောက်ညွှန်ကြားရေးမှူး ဦးနန်းချစ်ဦးက ငွေကြေးခဝါချမှုကိစ္စရပ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က Video Conferencing စနစ်ဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအသိပညာများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်ထဲ​ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမျိုးတင့်ဇော်က ငွေကြေးခဝါချမှူပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊ ထပ်မံဖြည့်စွက်သည့်ပြစ်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများ၊  ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ အိမ်ခြံမြေအကျိုးဆောင်များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း၊ အဖိုးတန်သတ္တုရောင်းဝယ်သူများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း စသည့် အကြောင်အရာများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့​နောက်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ​ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေး​နွေးပွဲနှင့်ပတ်သက်၍ သိရှိလိုသူများမှ ​မေးမြန်း​ဆွေး​နွေးခြင်း၊ ပြန်လည်​ဖြေကြားခြင်း၊ ပြန်လှန်​ဆွေး​နွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)