မိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ခမရ (၅၁၉)တပ်တွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောတင်မြင့် ဦးဆောင်ကာ ယနေ့နံနက် ၇ နာရီခွဲက သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးထင်ကျော်၊ ခရိုင်ဒုတိယအုပ်ချုပ် ရေးမှူးဦးသိန်းဇော်ဝင်း၊ ခရိုင်လဝကမှူး ဦးလှအေးနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ရာ သက်ဆိုင် ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည့် ဗိုလ်မှူးကြီးထင်ကျော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပျိုးပင်များကို စုပေါင်းစိုက်ပျိုးကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ တပ်ရင်းတပ်ဖွဲ့များ၊ မိုင်းတုံခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လားဟူယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့များ စုစုပေါင်း (၁၆၁)ဦး တက်ရောက်ခဲ့ကြသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ မြေကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်း၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ ခြင်းစသည့် အကျိုးကျေးဇူများရရှိနိုင်ရေး ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော သစ်မျိုး၊ ကျွန်း၊ ပိတောက်၊ မန်ဂျန်ရှား၊ စိန်ပန်းနီနှင့် စိန်ပန်းပြာ စုစုပေါင်း(၃၀၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ သိရှိရသည်။
မျိုးကျော်စိုး(ပြန်/ဆက်)