ပြင်ဦးလွင် ဇွန် ၁၅
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကျန်းမာရေးနှင့်ညီညွတ်မျှတ၍ ကိုယ်စိတ်နှလုံးချမ်းမြေ့ကာ မျက်စိပသာဒဖြစ်စေပြီး သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean City၊ Green City များ ဖြစ်လာမည်ဖြစ်သဖြင့် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့များအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြသည့်အပြင် မိမိတို့ မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ပွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များက စုပေါင်း၍ ရပ်ကွက်ကြီး (၃) ရှိ အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းဝင်း အတွင်း၊ အပြင်များ၌ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် ပြင်ဦးလွင် တပ်နယ်မှအရာရှိကြီးများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းကာ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)