မြင်းခြံမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြင်းခြံ ဇွန် ၁၅

ပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိ နားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒါသအကျိုးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်ဝန်း အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မစတင်မီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဦးရဲမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာစန်းတို့မှ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာအေးအေးဟန်နှင့် ပါမောက္ခဌာနမှူးများအား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာအေးအေးဟန်နှင့် ပါမောက္ခဌာနမှူးများနှင့် ကျောင်းသား/ကျောင်းသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို စနစ်တကျ စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးထားသည့် သစ်ပင်များအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေလောင်းခြင်းများ ပြုလုပ်ခဲ့သည်။

မြင်းခြံတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ  (၂) ပေ အထက် စိန်ပန်း၊ ပိတောက်၊ တမာ၊ ဗန်ဒါ၊ ကုက္ကိုလ်၊ ပန်းတမာ၊ သပြေဘူတ  စုစုပေါင်း ပျိုးပင် (၂၀၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။

၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင် ပေါင်း (၂၀၀၀၀) ကို ပျိုးထောင်ထားလျက်ရှိပြီး မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးလိုပါက လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)