(၈၅)ကြိမ်မြောက် အခြေခံပညာကျောင်းများသို့ စာရေးကိရိယာများလှူဒါန်း

မတ္တရာ ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊  မတ္တရာမြို့နယ်၊ နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းမှ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁) နာရီက အမှတ် (၃) ရပ်ကွက်ရှိ (မြို့မ) မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ‌ဒေါ်ခင်ဆွေဝင်းမှ ဝမ်းမြောက် စကားပြောကြားခဲ့သည်။ ထို့နောက် နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်း အတွင်းရေးမှူး ဦးအောင်မော်မှ အသင်း၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စာရေးကိရိယာ ပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး (မြို့မ)မူလွန် ကျောင်းအုပ်ဆရာကြီး ဦးကြွယ်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အသင်းသားများမှ စုစုပေါင်း (၁၇၃၃၈၀၀)ကျပ် တန်ဖိုးရှိ လွယ်အိတ်နှင့်စာရေးကိရိယာများကို (မြို့မ)မူလွန်မှ KGနှင့် Grade-1 ကျောင်းသား/သူ (၁၆၈)ဦး၊  မှန်စီဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် နဂါးပတ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၀) ဦး စုစုပေါင်း (၂၃၈) ဦးတို့၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ပညာရေးထောက်ပံ့အသင်းသည် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ စာရေးကိရိယာပစ္စည်းများအား ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)