တာမွေ ဇွန် ၁၅
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရုံသာမက လူ့ပတ်ဝန်းကျင်၊ လူ့အသိုက်အဝန်း၌ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စာကြည့်တိုက်ခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ပွဲကျင်းပပြုလုပ် မှုနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါက်တာဒေါ်အေးအေးမွန်နှင့် ဆရာမကြီး ဒေါ်မိမိလှိုင်တို့က အမျိုးသမီးလူငယ်များအတွက် ဆယ်ကျော်သက်အရွယ် ကျန်းမာရေးဆိုင်ရာများ၊ လိင် အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသား ဘာသာစကားဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)