ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ဖလား) အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်မည့် တာချီလိတ်မြို့နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

တာချီလိတ်    ဇွန်     ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဇွန်လ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ် မည့် ၂ဝ၂၄ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တာချီလိတ်မြို့နယ် လက်ရွေးစင်ဘောလုံး အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၁၁ နာရီက မြို့မအားကစားကွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုတို့က အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။ ထို့နောက် ဇွန်လ ၁၉ ရက်နေ့မှ ၃ဝ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက ငွေကျပ် ၁၁ သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက ငွေကျပ် ၁၁ သိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်းက ငွေကျပ် ၁၁ သိန်း၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၂၂၂၀၀၀၀ ကျပ်နှင့် ကိုစိုင်းစိုင်းနှင့် ဇနီး ဒေါ်နန်းဆိုင်ဟန် (Home Fa Home) ကုမ္ပဏီ၊ ဦးအောင်နိုင်နှင့် ဇနီး ဒေါ်နန်းကျန်ခမ်း  (lord Eagle)ကုမ္ပဏီ၊ ဦးထွန်းနေဦး (တာချီလိတ်ဟိုတယ်)၊ ဦးစိုင်းလုံမောက်(LM) ကုမ္ပဏီ၊ ဦးဇော်မြင့် (ဖြိုးကုန်စုံဆိုင်မိသားစု)တို့မှ ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၀၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တာချီလိတ်မြို့နယ်  အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းကို ရပ်ကွက် ကျေးရွာပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲများမှ စိစစ်ရွေးချယ်ကာ အသင်းသား ၁၈ ဦး၊ အုပ်ချုပ်သူ ၂ ဦးဖြင့်  စခန်းသွင်းလေ့ကျင့်ထားကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)