လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေးလူထုအသိပညာပေးလှုံ့ဆော်ရေး BillBoard စိုက်ထူ

လပွတ္တာ ဇွန် ၁၅

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလူထုအသိပညာပေး လှုံ့ဆော်ရေး BillBoard စိုက်ထူခြင်းကို ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သကျမာရဇိန်ဆုတောင်းပြည့် ဘုရားရှေ့စိန်ရတုလမ်းထောင့် လူစည်ကား ရာနေရာ တွင် ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေး လူထု အသိပညာ ပေးလှုံ့ဆော်ရေး BillBoard စိုက်ထူပွဲတွင် လပွတ္တာခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ပပဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဦးနှင့်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးလူထုအသိပညာ ပေး BillBoard အား အမွှေးနံ့သာရည် ပက်ဖျန်းခဲ့သည်။

ထို့နောက် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အထိမ်းအမှတ်တီရှပ်၊ စပို့ရှပ်၊ ဦးထုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်သူများကိုယ်စား အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးက အသင်းအဖွဲ့များကိုယ်စား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် တစ်ဦးထံသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက တက်ရောက်လာသော ပြည်သူများထံသို့ တစ်ဦးချင်း လိုက်လံပေးဝေခဲ့ကြကြောင်းသိရသည်။

မူမူ