ကျိုင်းတုံမြို့၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ကျိုင်းတုံ  ဇွန် ၁၅

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်  မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အဖွဲ့ဝင် ဦးစိုင်းပန်းလှ တို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပါကချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များ၊  မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို  ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)