မော်လမြိုင် ဇွန် ၁၅
မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာ လှပမှုရှိစေရေး၊ ကျောင်းပုရဝုဏ်အတွင်းအပြင်အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာ ကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင် ကျောင်းဆောင်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်၍ အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်း အနားကို ဇွန်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ဗိုလ်လုပွဲစဉ်အဖြစ် ကျိုက်ထိုမြို့နယ်ဖူဆယ် ဘောလုံးအသင်းနှင့် မော်လမြိုင်မြို့နယ် ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုများ၊ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများနှင့် ပူးတွဲတတိယဆုများ ရရှိကြသည့် အမျိုးသားဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ဒုတိယဆု၊ ရရှိကြသည့်ပြိုင်ပွဲဝင် ကျိုက်ထိုမြို့နယ် ဖူဆယ်ဘောလုံးအသင်းအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုး သား ဖူဆယ်ပြိုင်ပွဲတွင် ပထဆုရှိခဲ့သည့် မော်လမြိုင်မြို့နယ်၊ ဖူဆယ်ဘောလုံး အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက် ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)