သံဖြူဇရပ် ဇွန် ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ(Basic on Job Skill Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဥ် (၂/၂၀၂၄)ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့မြို့လယ်ဓမ္မာရုံ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူနှင့်ဝန်ထမ်းများ၊ ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်ဝင်း၊ ကျိုက္ခမီမြို့အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။
ဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းပို့ချရာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ကျိုကွမီမြို့မရဲစခန်းမှ ရဲအုပ်ဆန်းကိုကို၊ မီးသတ်ဦးစီးဌာနဒုတိယဦးစီးမှူးဦးရှိုင်းထက်အောင်၊ ကျိုက္ခမီမြို့ကြက်ခြေနီ တပ်ဖွဲ့မှ မြို့နယ်ဒုခွဲမှူး ဦးသန့်ဇင်ဦးတို့က ပင်လယ်ပြင်လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေးအတွက် ပင်လယ်ပြင်လုပ်ငန်းခွင်ကျန်းမာရေး၊ အသက်အန္တရာယ်ကင်းရှင်းရေး၊ မျိုးသုဥ်းရှားပါးရေနေ သတ္တဝါထိန်းသိမ်းရေး၊ မြန်မာ့ပင်လယ်ပြင်ငါး ဖမ်းလုပ်ငန်းဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို သင်ကြားပို့ချခဲ့ကြောင်းနှင့်သင်တန်းသို့ ကျိုက္ခမီမြို့ကမ်းဝေးကမ်းနီး ပင်လယ်ငါးဖမ်းရေလုပ်သားသင်တန်းသား(၂၅)ဦးတို့ တက်ရောက်ခဲ့ကြရာ သင်တန်းကို ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီမှမွန်းလွဲ ၃ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)