မိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင်၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၌ မိဘ/ဆရာတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အ.ထ.က မိုင်းတုံစာသင်ကျောင်းသည် အထက်တန်းကျောင်းဖြစ်သည့်အပြင် ခရိုင်အဆင့်ပါပြောင်းလဲနေတာလည်း မိဘပြည်သူများသိပြီးသားဖြစ်ပါတယ်။ အဓိကတွေ့ဆုံရတာက ကျွန်တော်တို့ကလေးသူငယ်တွေ ကျောင်းနေပျော်ရွှင်ဖို့အတွက် ကျောင်းဝင်းလမ်းကောင်းမွန်နေဖို့က ပထမအဆင့်ဖြစ်ကြောင်း၊ ကျောင်းအဝင်/အထွက်လမ်းကောင်းမှ ကလေးတွေ သွားလာရအဆင်ပြေမှာဖြစ်သည့်အတွက် ကျွန်တော်တို့အဖွဲ့တွေ စုပေါင်းပြီးကိုယ်ထူကိုယ်ထအစီအစဥ်ဖြင့်ဆောင်ရွက်လိုကြောင်း၊ ကျောင်းဖွင့်ပြီးဆိုတော့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ပညာရေးကိုဦးစားပေး ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က ကျောင်းအကျိုးဆောင်အဖွဲ့၊ မိဘဆရာအသင်းအဖွဲနှင့် ကျောင်းထောက်ပံ့ကြေးကော်မတီတို့နှင့်ပတ်သက်သည့် ရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စစ်ဆေးကြပ်မတ်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းကော်မတီအဖွဲ့များနှင့် ကျောင်းသားမိဘများမှ ကျောင်းအဝင်/အထွက်လမ်းဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးပြီးနောက် ကျောင်းကော်မတီအဖွဲ့နှင့် ကျောင်းသားမိဘများစုပေါင်း၍ အလှူငွေကျပ်(၂၅၃၀၀၀ဝိ) နှစ်ဆယ့်ငါးသိန်းသုံးသောင်းကျပ်တိတိနှင့် ဘိလပ်မြေ (၆၃) အိတ်၊ ကျောက်(၄)ကျင်းတို့ကို လှူဒါန်းရရှိခဲ့ကြောင်း အ.ထ.က မိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)