မုဒုံမြို့ရှိ ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

မုဒုံ     ဇွန်    ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယမန်နေ့က ဖယ်ကူး၊ ကွမ်ကဗွီး ကျေးရွာနှစ်ရွာ၌ ထုတ်ချေးပေးသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကျေးလက်နေပြည်သူများ  ဆင်းရဲမှုလျော့ကျစေရန်၊ မိသားစုဝင်ငွေ တိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို  ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒာဝင်းက ရှင်လင်းပြောကြားသည်။ ထို့နောက် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု  ကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေ စာရင်းများကို စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များက ကျေးရွာနှစ်ရွာရှိ  စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူအသင်းဝင် (၉၉)  ဦးအား ချေးငွေကျပ် စုစုပေါင်း (၁၀၁) သန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)