မုဒုံ ဇွန် ၁၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က(ခွဲ) ဒုံကနီ၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်လင်းက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေး၏ အန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေး ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျောင်းသူ/သားများ ဗဟုသုတတိုးပွားနိုင်ရန် ကျောင်းစာအပြင် အခြားစာအုပ်စာစောင်များ လေ့လာဖတ်ရှုကြရေးတို့ကို ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်ပြ၊ ကာတွန်း၊ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ပုံပြင် စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များတို့ကို ပြသခဲ့ရာ ကျောင်းသား/သူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)