ချောင်းဆုံ ဇွန် ၁၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က တောင်စွန်း (မူလွန်) ကျောင်းတွင် ဒေသခံများနှင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့်ဝန်ထမ်းများမှ အသက်(၁၀)နှစ်ပြည့်ပြီးသူ နိုင်(၃)က (၉၈)ဦးနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်(၆)ကမိတ္တူ (၁၀)ဦး စုစုပေါင်း (၁၀၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ချက်ချင်းပြုလုပ်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှ ကျောင်းသား/သူများနှင့် ပြည်သူများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကိုကျော်(ချောင်းဆုံ)