ကျောက်ဖြူ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က(ခွဲ) အ.လ.က (၂) ကျောင်းရှိ ပညာဝတီခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမ်းအနားသို့ တက်ရောက် လာကြသူများအား ဖြန့်ဝေပေးကြသည်။ ယင်းနောက် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် စာဖတ်မြှင့်တင်ရေးအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် “အလိမ္မာစာမှာရှိ၊ စာအုပ်စာပေ လူမိတ်ဆွေ"ဆိုသည့် ဆိုရိုးစကားအတိုင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်း စာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ယခုမျက်မှောက်ခေတ်ဟာဆိုရင် IT နည်းပညာများ ထွန်းကားလာသည့်အတွက်ကြောင့် Mobile Phone များမှတဆင့် ဗဟုသုတများစွာကို ဖတ်ရှုနိုင်တဲ့ အပြင်လမ်းမှားကိုရောက်နိုင်သည့် အတွက်လည်း အထူးဂရုပြုရန်လိုအပ်ပါကြောင်း၊ ဘဝတွင် ပြည့်စုံသူတစ်ယောက်ဖြစ်ဖို့ အားလပ်ချိန်များကို အချိန်မဖြုန်းပဲ စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ နေထိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က စာဖတ်ရှိန် မြှင့်တင်ရေး Mobilice Library ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးမှ မိမိနှစ် သက်ရာစာအုပ်အသီးသီးမှ ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းသို့ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်ဓာတ်ပုံများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း