မြစ်သား ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများတွင် ဆေးပစ္စည်းများပြတ်လပ်မှု ရှိ/မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းထက်မြင့်တက် ရောင်းချမှုရှိ/မရှိ၊ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်စျေးနှုန်းများ မြင့်တက်ချိန်တွင် ရောင်းချရန် သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်(၉)နာရီအချိန်က လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်နှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆန်းသွယ်သွယ်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအေးမင်းထိုက်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြစ်သားမြို့နယ်အတွင်းရှိ လင်းကမ္ဘာ ဆေးဆိုင်၊ မော်မော်ဆေးဆိုင်၊ HELLO ဆေးဆိုင်၊ လွင်ဆန်ရောင်းဝယ်ရေးဆိုင်နှင့် မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များ၊ ဆေးဂိုဒေါင်များသို့ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)