တိုက်ကြီး ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် တိုက်ကြီးခရိုင်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ကောင်းသန့်စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက စာအုပ်စာစောင်များကို ကောင်းသန့် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းတမီ ထားရှိပေးနိုင်ရေးအတွက် တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ကွက်ရှိ စာကြည့်တိုက် အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရ သည်။
စန်းကလျာခိုင် (ပြန်/ဆက်)