ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဇွန်   ၁၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြစ်ကြီနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေရေး အားပေးကူညီဆောင်ရွက်လျက်ရှိသည့်အပြင် မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း မြို့နယ်အလိုက်/ဒေသအလိုက် ဝမ်းစာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် တနိုင်းဒေသဝမ်းစာဖူလုံရေးအတွက် ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် များအတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါးရာနှုန်းပြည့် အထွက်နှုန်းရရှိရေး၊ မိုးစပါးအပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များနှင့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း၊ မိမိအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု တောင်သူများနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသဝမ်းစာဖူလုံရေးစေမည်ဟု ယုံကြည်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဌေးလွင်က စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသအလိုက် ဝမ်းစာဖူလုံရေးအတွက် မျိုးကောင်း၊ မျိုးသန့်ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်ဧကများ တိုးချဲ့ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ဒေသခံတောင်သူများက လာမည့်မိုးစပါးစိုက်ပျိုးချိန်မီ လယ်ယာလုပ်ငန်းခွင် စတင်နိုင်ရေး အတွက် မျိုးကောင်းမျိုးသန့်နှင့် မြေသြဇာများ ပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ပေးနိုင်ရေးနှင့် စိုက်ပျိုးရေ လုံလောက်မှုရရှိရေးတို့ကို တင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များအပေါ် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနိုင်းဒေသဝမ်းစာ ဖူလုံရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေး၊ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည့်အပြင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ တနိုင်းဒေသ (၃)နှစ်အတွင်း ဝမ်းစာဖူလုံရေးအတွက် မိမိတို့ အနေဖြင့် ဒေသအကျိုးလိုလားသူများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တနိုင်းဒေသအတွင်း ဆန်စပါးဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ရွိုင်ရယ်ဒိုးကလေးကုမ္ပဏီ တာဝန်ရှိသူများက တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအတွင်း လယ်ယာမြေဖော်ထုတ်ပြီး ထွန်ယက်ယက်စိုက်ပျိုးလျက်ရှိသည့် အခြေအနေများ၊ ကုန်ထုတ်လုပ်ဆောင်ရွက် ပြီးစီးမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆန်စက်တည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တနိုင်းဒေသ ဝမ်းစာဖူလုံရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆင်းဧရိယာ-၃ မျိုးသန့်မျိုးစပါးများ နှစ်အလိုက် ပံ့ပိုးထောက်ပံ့ထားရှိမှု အခြေအနေများ၊ (၃)နှစ်အတွင်း ဝမ်းစာဖူလုံရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြခြင်းနှင့် ကုမ္ပဏီမှတင်ပြသည့် မြေယာဖော်ထုတ်စိုက်ပျိုးခြင်း လုပ်ငန်းများအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ မြေအသုံးချမှုဖြစ်စေရေး သုံးသပ်အကြုံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာဆောင်ရှိ အရိုးကုသဆောင်၌ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှ ဆေးဝါးကုသမှုလာရောက်ခံယူနေသော လူနာများအား သွားရောက်တွေ့ဆုံအားပေးပြီး လူနာများအတွက် ထောက်ပံ့ငွေများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)