မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီး‌ကော်မတီဝင်အလှူရှင်များ ဆွမ်းဆန်၊ ဆီနှင့်စာရေးကိရိယာများ လှူဒါန်း

တောင်ဥက္ကလာပ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီဝင်အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်၊ ဆီနှင့်စာရေးကိရိယာများ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇနိယ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ဆက်လက်၍ မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနာယက ဆရာ‌တော်ကြီးနှင့်ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီးဒေါ်မော်မော်သန်းနှင့်အလှူရှင်များက ဆွမ်းဆန်၊ ဆီနှင့်စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာန နာယက ဆရာတော် ဘန္ဒန္တတေဇနိယ အရှင်သူမြတ်ထံမှ အနုမောဒနာတရား‌တော်နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီ အလှူရှင်များက မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများထံသို့  ဗလာစာအုပ်နှင့်စာရေးကိရိယာများကို  ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။

သီတာအေး(ပြန်/ဆက်)