ရန်ကုန် ဇွန် ၁၅
၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးရေကူးအဖွဲ့အား ဂုဏ်ပြုသည့် ဂုဏ်ပြုပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ၊ ပဒေသာ အားကစားခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့မှ ဆုရအားကစားသမား တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးရေကူးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရေကူးအသင်း အုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ဇွန် ၁၂၊ ၁၃ ရက်နေ့များတွင် ကျင်းပခဲ့ရာပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁) ခုမှ ရေကူးအားကစားသမား (၁၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ရေကူးအသင်းအနေဖြင့် အမျိုးသား တံခွန်စိုက်ဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆုအပြင်၊ အမျိုးသား၊ အမျိုးသမီး အကောင်းဆုံး အားကစားဆုများကိုပါ ရရှိခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)