မြောက်ဥက္ကလာပ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းဆွေးနွေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဥ်များကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာပင်မလုပ်ငန်းစဉ် (၄)ရပ်၊ သန်းခေါင်စာရင်းကောက်ကွက်နှင့် စာရင်းစစ်၊ စာရင်းကောက်လိုအပ်ချက်များ၊ သင်တန်းဖွင့်လှစ်ပို့ချမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သန်းခေါင်စာရင်းကောက်ယူမည့် အခြေအနေများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ လိုအပ်သည့်များကို ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)