နေပြည်တော် ဇွန် ၁၄
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည့်အကြောင်းပြည်သူများသို့ အသိပညာပေးကြော်ငြာဆိုင်းဘုတ် (Billboard)စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ သိုက်ချောင်းလမ်းဆုံအနီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရာက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်တိုင်းဦးစီးမှူးတို့က ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်သူများသိရှိနိုင်စေရန်အတွက် ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ် (Billboard) အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်း လက်ကမ်းစာစောင်များနှင့် လှုံ့ဆော်ရေး အထောက်အကူပြုပစ္စည်းများကို တက်ရာက်လာကြသူများအား ဖြန့်ဝေပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာ စိုက်ထူပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည့်၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရာက်သည်။
နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ် အသင်းနှင့် ပျဉ်းမနားမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးအားကစားသမား ဆုရရှိသည့် အားကစားသမားနှင့် တတိယဆုရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းတို့အား နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက တစ်ဦးချင်းဆု တံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ပြီး နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုအား ပေးအပ်ချီးမြှင့်သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် နေပြည်တော် ကုသရေး ဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနားမြို့၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် လယ်ဝေး မြို့နယ် ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ ကျေးလက် ကျန်းမာရေး ဌာန၌ ဝက္ကမူ ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ချောင်းခွကျေးရွာ၊ သဲကောကျေးရွာ၊ ရှားကုန်းကျေးရွာ၊ ဇောင်ချမ်း ကုန်းကျေးရွာ၊ အောင်းကုန်းကျေးရွာနှင့် ပြည်ဝင်ကျေးရွာတို့မှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ် အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေး ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်ကာလာရောက် ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပန်းပေါင်းစုံ ဗုဒ္ဓရုပ် ပွားတော်များ၊ အာဟာရဖြစ်စာသောက်ဖွယ်ရာပစ္စည်းများပေးအပ်ကြသည်။
ယနေ့ လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၌ ဒေသခံပြည်သူများအား အခမဲ့ဆေး ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထွေထွေရောဂါလူနာ ၅၇ ဦး၊ မျက်စိလူနာ ၆၇ ဦး၊ ခွဲစိတ်လူနာ ၁၄ ဦး၊ အရိုးလူနာ ၇၀ ဦး၊ ကလေးလူနာ ၈ ဦး၊ သားဖွားမီးယပ်လူနာ ၁၅ ဦး၊ သွားလူနာ ၂၂ ဦး ၊ စုစုပေါင်းလူနာ ၂၅၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး လူနာ ၁၆ ဦး ကို ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ပျံချီ)သို့ သွားရောက်၍ စက်မှုဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်များနှင့် မွေးမြူရေးဘာသာရပ်များတွင် ကျောင်းသာ ကျောင်းသူများ တက်ရောက်၍ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသာကျောင်းသူများအနေဖြင့် နိုင်ငံတော်တွင် မိမိတို့အတွက် တိုးတက်မည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်း၊ သင်ကြားသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူပြီး ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်ကြောင်း ကြိုးစားကြစေလိုကြောင်းပြောကြားကာ စာသင်ခန်းများ၊ သင်ထောက်ကူ ခန်းများနှင့် ကွန်ပျူတာခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအားမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးပြီး စာကြည့် တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)