မုဒုံ ဇွန် ၁၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က (ကျောင်းသစ်)၌ ပြုလုပ်သည်။
ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်လင်းက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေး၏အန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးဆောင်ရန်/ ရှောင်ရန် အချက်များ၊ ကျောင်းသူ/ သားများ ဗဟုသုတတိုးပွားနိုင်ရန် ကျောင်းစာအပြင် အခြားစာအုပ် စာစောင်များ လေ့လာ ဖတ်ရှုကြရေးတို့ကို ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်ပြ၊ ကာတွန်း၊ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ပုံပြင်စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် မူးယစ်ဆေး ဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များတို့ကို ကျောင်းသား/ သူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)