ပေါင်မြို့နယ်၌မုန်တိုင်း ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

ပေါင် ဇွန် ၁၄

မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ခုနှစ် မုန်တိုင်း ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့နံနက်ပိုင်းက မုတ္တမကျေးရွာ၊အမှတ် (၆) နယ်မြေ၊ မြင်းတပ်ရပ်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းစတင်ဆောင်ရွက်ရာ ရေဘေးအတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးကျရောက်နိုင်သောဒေသများရှိ နေထိုင်သူများအား ရွှေ့ပြောင်းခြင်း၊ရေစီးနှင့်အတူ မျှောလာသူများကို ကယ်ဆယ်ခြင်း၊ ရေဘေးသင့်နေရာများ၌ လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် ဆေးဝါးကုသမှုနှင့် စားရေရိက္ခာများ ဝေငှပြီး ထိခိုက်ဒဏ်ရာရရှိသူများ အား ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံ/ ဆေးခန်းများသို့ပို့ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်နေမှုများကို သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များက မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ယနေ့ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု (Global Climate Change) ဖြစ်စဉ်များကြောင့် နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွားလျက်ရှိရာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ (၁.၅) ဒီဂရီစင်တီဂရိတ်တိုးမြှင့်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ စုစုပေါင်းလူဦးရေ သန်း (၂၃၀) ခန့် နှစ်စဉ်သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေရပြီး ပျမ်းမျှလူဦးရေ ၈၅၀၀၀ ခန့် အသက်ဆုံးရှုံးလျက်ရှိတာကို IPCC တွင်ဖော်ပြထားကြောင်း၊မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာနနှင့် လုပ်ငန်းကော်မတီအသီးသီးမှစုစည်း ညီညွတ်စွာဖြင့် ကျရာအခမ်းကဏ္ဍမှ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များက ရေဘေးကယ်ဆယ်ရေးဇာတ်တိုက် သရုပ်ပြအဖွဲ့ဝင်များက လူမှူကယ်ဆယ်ရေးအသင်းအဖွဲ့များ၏ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ အသက်ကယ်လှေများ၊ စုဆောင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မွန်မလေး (ပြန်/ဆက်)