ရေပယ်အထက်ကျေးရွာ ဘဝအလင်းရောင်စာကြည့်တိုက်၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲပြုလုပ်

ညောင်ရွှေ   ဇွန်  ၁၄

စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရေပယ်အထက်ကျေးရွာ ဘဝအလင်းရောင်စာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ဌာနမှဆောင်ရွက်နေသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာကြည့်တိုက်ကော်မတီတာဝန်ရှိသူများက အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌကိုယ်စားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်မင်းဦး၊ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိတို့ကစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ