ဘီးလင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်

ဘီးလင်း ဇွန် ၁၄

မွန်​ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကန်သာယာရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းလိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးကျန်းမာရေးဆရာမ ဒေါ်ခင်ခင်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများကိုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန် မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှုမရှိစေရေး ၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှုမရှိစေရေး ဆောင်ရွက်ရန်တို့ကို ပြည်သူများအား အသိပညာပေးဟောပြောပြီး ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)