ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ပေါင် ဇွန် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ခြင်းကိုဇွန်လ (၁၄) ရက်နေ့ နံနက် (၁၁) နာရီက (အ.မ.က) ​ဂွေးပင်ချောင်ကျောင်း ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (အ.မ.က) ​​ဂွေးပင်ချောင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်အေး က ကျောင်းသား၊ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးသည် ကျောင်းသားများနှင့် မသက်ဆိုင်ပါကြောင်း ၊ မူးယစ်ဆေးဝါးသည် အလွန်ပင်ကြောက်စရာကောင်း၍ လူသားများ၏ အသက်ကိုပင်နုတ်ယူနိုင်သည့်အထိ အန္တရာယ်များကြောင်း၊ ရှောင်လေဝေးဝေးမူးယစ်ဆေးဆိုသည့်အတိုင်း မူးယစ်ဆေးဝါးကို လက်တည့်မစမ်းကြရန် ပြောကြားခဲ့သည်။

ထို့‌နောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက မူးယစ်ဆေးဝါးသုံးစွဲသူများသည် လူစိတ်ပျောက်ကာ အသိတရားမရှိခြင်း၊ စိတ်ကြွဆေးဝါးများကိုသုံးစွဲခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်အတွင်းရှိကြွက်သားများပျက်စီးစေပြီး လူပါထိုင်းမှိုင်းစေလာနိုင်ကြောင်းကိုရှင်းလင်းဟောပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကိုကြည့်ရှုခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)