ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇွန် ၁၄

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာမ မေကျော့ရှင်း ရေးသားသည့် “မြန်မာစာပေနှင့်မြန်မာ့ယဉ်ကျေးမှု” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ရှုကာမိမိတို့၏ အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် မိမိတို့လူမျိုး၏ စာပေနှင့်ယဉ်ကျေးမှုအမွေကို လိုက်နာကျင့်သုံးတတ်စေရေး၊ တန်ဖိုးထားတတ်စေရေး၊ ခေတ်နှင့်လျှော်ညီစွာ စာပေလေ့လာဖတ်ရှုတတ်စေရေး၊ အစဉ်အလာကိုထိန်းသိမ်းတတ်စေရေးတို့ကို လမ်းညွှန်ထားသည့် စာအုပ်ဖြစ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)