ရွှေပြည်သာ ဇွန် ၁၄
ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးကအခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးပြီးထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိဖို့အတွက် စာများများဖတ်ကြရန်တို့ကို ဆွေးနွေးဟောပြောပြီး စာရေးဆရာကြင်ဦးလူကမူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား/သူများ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ ဆေးလိပ်အစမူးယစ်ကဖြစ်၍ မူးယစ်ဆေးဝါးကို လက်တည့်မစမ်းမိကြစေရန် နုနယ်သည့်လူငယ်များဖြစ်၍ မူးယစ်အမှောင်တွင်းကို မဆင်းမိစေရန်တို့ကိုရှင်းလင်း ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအားပြသရာဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
အေးမိုး (ပြန်/ဆက်)