လှည်းကူး ဇွန် ၁၄
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမတွင် ကျင်းပသည်။
ဦးစွာ လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်ယဥ်ခိုင်ဦးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက အားကစားပစ္စည်းများကို လှည်းကူးပညာရေးဒီဂရီကောလိပ်အတွက် ပေးအပ်ရာ ဒုတိယကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြို့နယ်ပြန်/ဆက်မှ ပြသထားသော နံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၆၈၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)